Saturday, August 23, 2014


          မြန်မာလူ့ဘောင်သည် ယဉ်ကျေး၏ ၊ သိမ့်မွေ့၏ ၊ သူတော်ကောင်းတရားလက်ကိုင်ထား၏ ၊ အမျိုးစောင့်၏ ။ စည်းလုံးညီညွတ်၏ ၊ ကိုယ့်မြေကိုယ့်ယာ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်ကြ၏။ ရှေးခေတ်ဘိန်းနယ်ချဲ့ဗျူဟာ၊ ခေတ်သစ်ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ သရုပ်ပျက်ယဉ်ကျေးမှုဗျူဟာတို့၏ သားကောင်တစ်ချို့ ဆွေမှန်းမသိ၊မျိုးမှန်းမသိ ဖြစ်လာရ၏။ တိုင်းတစ်ပါးကို အထင်ကြီး၏ ဤသို့အားဖြင့် တိုင်းခြားသာသြဇာခံ နယ်ချဲ့ပုဆိန်ရိုးများ ဖြစ်လာကြ၏။
          ဒီမိုကရေဟူသော မူလစကားအနက်အရင်းမှာ ဒီမို - ပြည်သူတို့အများအကျိုးအတွက် ပြည်သူအများစုကြီး ဆန္ဒအတိုင်း ပြည်သူ့အရေးအရာများကို ဖော်ဆောင်စီမံခွင့်သာ ဖြစ်သည်။ ဒီမိုဟူသည်မူလဂရိဘာသာ(နောက်တိုး အင်္ဂလိပ်ဘာသာ) အရ ပြည်သူလူထုဟူ၍ ဖြစ်၏။ ဒီမိုသည် နိုင်ငံရေးသမား၊နိုင်ငံရေးခေါင်းဆောင်ဟုလုံးဝ မရည်ညွန်းပါ။ ဒီမိုကရေစီစံကို မိမိတို့ပြည်တွင်းအတွက်စံတစ်စံ၊ ပြည်ပနိုင်ငံများအတွက်စံတစ်စံခွဲထားသော အနောက်ကိုလိုနီ နိုင်ငံကြီးများက ဒီမိုကရေစီသည် လွတ်လပ်စွာသပိတ်မှောက်၊ဆန္ဒပြ၊လွတ်လပ်စွာ(အစိုးရကို) ဝေဖန်(ဖြုတ်ချ)၊လွတ်လပ်စွာကိုးကွယ် စသည်ဖြင့် ဖွင့်ဆိုပေးလာ၏။ သူတို့ကိုလိုနီဝါဒီတို့ မနှစ်သက်သော၊ ပစ်မှတ်ထားသောနိုင်ငံများတွင် ယင်းနိုင်ငံအစိုးရဖယ်ရှား၊ ၎င်းတို့ရုပ်သေးအစိုးရကိုတင်ပေးရန် ဆူပူလှုပ်ရှားခွင့်၊ ပုန်ကန်ခြားနားခွင့်၊ အစိုးရမပြုတ်မချင်း သပိတ်စခန်းဖွင့်ကာ ခပ်ကြမ်းကြမ်း(ခေါင်းဖြတ်သတ်ခြင်းအပါအ၀င်)နည်းစုံ သုံးခွင့်၊ ဥပဒေချိုးဖောက်ခွင့်တို့ကို ဒီမိုကရေစီလူ့အခွင့်အရေးဟု သညာပေး သွေးထိုးမြှောက်ပင့်ပေးလာသည်။
          ထိုသို့ဥပဒေချိုးဖောက်၊ ပြည်သူတို့စိုးရိမ်ထိတ်လန့်လာသည်အထိ ဆူပူဆန္ဒပြ၊အကြမ်းဖက်၊ဂိုထောင်ဖောက် စက်ရုံဖျက်၊ ကိုယ်ကျိုးရှာ၊ ရောင်းစား၊ နိုင်ငံပြိုကွဲလုလု၊ လွတ်လပ်ရေးဆုံးရှုံးလုလုဖြစ်လာလျှင် ပြည်သူအများစုကြီး (ဒီမိုကရေစီ အဆုံးအဖြတ်၏ပဓာန၊ပမာဏ)အကျိုးထိခိုက်နိုင်သည်။ သို့သော် အနောက်ကမူ မဲဆန္ဒရှင်သန်း၂၀ကျော် ၃၀ ကထောက်ခံမဲပေးထားသည့် နိုင်ငံရေးဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းကောင်း၊ တင်မြှောက်ထားသည့်အစိုးရကို လည်းကောင်း၊ သူတို့မကြိုက်လျင် သူတို့အနောက်သြဇာမနာခံပယ်လှန်လျှင် ဒီမိုကရေစီလူ့အခွင့်အရေးအဓမ္မ လုပ်အားပေးခိုင်းစေမှု ၊ ဘာသာရေးလွတ်လပ်မှုစသည့် မှန်မကန်စွပ်စွဲချက်များဖြင့် ယင်းတို့၏ မီဒီယာများမှ အသံအကျယ်ဆုံးအော်ပြီး ထိုးနှက်လေတော့သည်။ ထို့ကြောင့်အနောက်ကဒီမိုကရေစီ လူ့အခွင့်အရေးဟူသော စကားလုံးများသည် သကြားအုပ် အဆိပ်ဆေးလုံးများဖြစ်နေပေသည်။
          ဥပဒေစိုးမိုးမှ ရပ်၇ွာအေးချမ်းမည်၊ ရပ်ရွာအေးချမ်းမှနိုင်ငံအေးချမ်းမည်။ နိုင်ငံအေးချမ်းမှနိုင်ငံစီးပွားတိုးတက် လာနိုင်မည်။ ထို့ကြောင့် ဥပဒေပြုရေးတာဝန်ရှိသူများပြဠာန်းထားသော ဥပဒေမှန်သမျှကို လိုက်နာရမည်။ နိုင်ငံရှိ ဥပဒေအားလုံး၏ အခြေခံလေည်းဖြစ်၊ အထွတ်အထိပ်လည်းဖြစ်သော(ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းထောက်ခံမဲ ပေးအတည်ပြုထားသော)နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေ ကိုလိုက်နာကြရပေမည်။ ဥပဒေချိုးဖောက်ပြီး ၎င်းတို့အာဏာ ရရေးအတွက် ထင်ရာစိုင်းနိုင်ရန် တည်ဆဲဥပဒေများကိုဖျက်မှု၊ အခြေခံဥပဒေကို ဖျက်-ပြင်မှ ဥပဒေစိုးမိုးမှုဖြစ်သည်ဟု ဆိုသူများကား မင်းမဲ့ဝါဒီများ ဖြစ်ကြပေသည်။ ဥပဒေမှန်သမျှဖီဆန်ကြ၊ ဆန့်ကျင်ကြဟု ကြွေးကြော်သူများ၏ ငါမိုရေစီသာဖြစ်ကြောင်း အများသိစေရန် တင်ပြလိုက်ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ စစ်မှန်သောပြည်ထောင်စု(ပင်လုံ)စိတ်ဓာတ်၊၀ံသာနုရက္ခိတတရားခေါ်မျိုးစောင့်တရား၊ ဆင်းရဲသားလူများစုကောင်းစားရေးစေတနာ တို့ကို ကျွန်တော်တို့အမွေခံယူ စောင့်ထိန်းကြပါကုန်စို့ ။                    ။

Credit -   ကျော်ဇင်ညွန့် (တရားရုံးချုပ်ရှေ့နေ) 

0 comments :

Post a Comment